၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Statement

ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့် ဆိုရိုးစကားအတိုင်း နောင်တစ် ချိန်တွင် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်နိုင်ငံတော်ကို ယနေ့လူငယ်များ၏လက်သို့ လွှဲပြောင်းတာဝန်ပေးအပ် ရမည်ဖြစ်ပါသည်။ လူငယ်များသည် ကလေးဘဝမှ လူငယ်၊ လူကြီး အဖြစ်သို့ ရောက်ရှိကြီးပြင်းကြရမည်ဖြစ်ရာ ကလေးဘဝမှပင် စတင်၍ ထူးချွန်ထက်မြက် သည့် နိုင်ငံသားကောင်းရတနာများ လူကောင်း၊ လူတော်လေးများဖြစ်စေရေး ပြုစုပျိုးထောင်မွေးထုတ်ပေးကြရန် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၊ မိဘများ နှင့် လူမှု့အဖွဲ့အစည်း အားလုံးအပေါ်တွင် တာဝန်ရှိပါသည်။

Statement | 12 June 2020
နိုင်ငံတော်အနေနှင့် မွေးကင်းစမှစ၍ အသက် (၁၈) နှစ်ပြည့်သည်အထိ ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး၊ အသက် ရှင်သန်ရပ်တည်ရေးတို့အတွက် စီမံကိန်းများ ချမှတ်လျက် ပြုစုစောင့်ရှောက် ကာကွယ်မှုများ ပေးလျက်ရှိပါသည်။  ၎င်းတို့အနက် အသက်(၁၈)နှစ် မပြည့်သေးသော ကလေးသူငယ်များ၏ အလုပ် လုပ်ကိုင်ခြင်းနဲ့ပတ်သက်၍ ဥပဒေများပြဋ္ဌာန်းကာ ကာကွယ်စောင့်ရှောက်မှုများ ပေးနေသကဲ့သို့ ဥပဒေနှင့်မညီသော နိုင်ငံတကာနှင့် လူမှုအသိုင်းအဝိုင်းက လက်မခံသည့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေမှုကို လျော့နည်း ပပျောက်စေရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ကလေးများအား အလုပ်စေခိုင်းမှုမှ ပပျောက်ရေးသည်  မျက်မှောက် ခေတ်၏ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်သကဲ့သို့  မိမိတို့နိုင်ငံအနေဖြင့်လည်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။

ကလေးအလုပ်သမားဆိုသည်မှာ အလုပ်သဘာဝကြောင့်ဖြစ်စေ၊ လုပ်ငန်း ခွင် အခြေအနေများကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မတော် မတရားပြုမှုနှင့် ခေါင်းပုံဖြတ်မှုများရှိသော သို့မဟုတ် ကလေးသူငယ်၏ ပညာ သင်ယူခွင့်ကိုပိတ်ပင်သော မည်သည့်လုပ်ငန်းမျိုးတွင်မဆို လုပ်ကိုင်နေရသည့် ကလေးမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။
 
ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် အသိအမြင်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုဖြစ်စဉ်များသည် ၎င်းတို့၏မိသားစု လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံတော် က အခြေအနေကောင်းများ ဖန်တီးပေးနိုင်မှုအပေါ်မှာ မူတည်ပါသည်။

ကလေးအလုပ်သမား ပပျောက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီကို ဒုတိယသမ္မတ(၁) ဦးဆောင်ပြီး အဖွဲ့ဝင် (၃၇) ဦးဖြင့် ဖွဲ့စည်းခဲ့ကာ မြန်မာနိုင်ငံ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ငါးနှစ်စီမံ ကိန်း ၃ ကြိမ်နှင့် ၁၅ နှစ်တာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လုပ်ငန်းစီမံချက်ကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

အလုပ်လုပ်ကိုင်နိုင်မည့် အငယ်ဆုံးအသက်အရွယ်ဆိုင်ရာ ILO ပြဋ္ဌာန်း ချက်အမှတ် ၁၃၈ ကိုမြန်မာနိုင်ငံအနေနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း အားလုံးသိရှိအောင် အသိပေး ကြေညာလိုပါသည်။

ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားဆိုသည်မှာ ကလေးသူငယ် ၏အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှု ရရှိရေးနှင့် လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့အတွက် ကလေး သူငယ်၏ ရုပ်ပိုင်းဆိုင်ရာအကျိုးဖြစ်ထွန်းမှုအများဆုံးဖြစ်စေသည့် ဥပဒေပါ ကလေးသူငယ်အခွင့်အရေးများ ရရှိခံစားခြင်းဟု သတ်မှတ်ထားရာ လွှတ်တော် များ၊ နိုင်ငံတော်အစိုးရ၊ လူမှုရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအပါအဝင် ပြည်သူအားလုံးက အလေးထားဖော်ဆောင်ပေး သွားကြရမည် ဖြစ်ပါသည်။

ယနေ့ကျရောက်သည့် ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ “ကိုဗစ်-၁၉ ကြောင့် ကလေးများအား ကလေး အလုပ်သမား မဖြစ်စေဖို့ ယခင်ကထက်ပိုတိုးလို့ ယခုပင်ကာကွယ်စို့” (COVID-19: Protect children from child labour now more than ever) ဆိုသည့်ကြွေးကြော်သံနှင့်အတူ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဆောင်ရွက်ချက်များအပေါ် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းများနဲ့ အသင်းအဖွဲ့များအားလုံး၊ ရပ်ကွက်၊ ကျေးရွာအဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှသည် နိုင်ငံတော်အဆင့်၊ ဒေသဆိုင်ရာအဆင့်အထိ စိတ်ရောကိုယ်ပါ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုပြီး ရလဒ်ကောင်းများရရှိစေရေး  စိတ်ရှည်သည်းခံကာ မဆုတ်မနစ်သော စိတ်ဓါတ်နှင့်အရှိန်အဟုန်မြှင့်တင်ပြီး အလေးထားလုပ်ဆောင်ပေးရန် တိုက်တွန်း ပြောကြားလိုပါသည်။