ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့

ယနေ့ ဧပြီလ ၂၈ရက် သည် ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ (ဘေးအန္တရယ်ကင်းရှင်းရေးနေ့) ဖြစ်ပါသည်။ ဤနှစ်တွင် ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့၏ ဆောင်ပုဒ်သည် ကြံ့ခိုင်မှုရှိသော လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနည်းစနစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျပ်အတည်းကာလများအား မျှော်မှန်း၍ ပြင်ဆင်ခြင်း ၊ တုံ့ပြန်ခြင်းတို့ဖြစ်ပါသည်။

Press release | 28 April 2021
(ရန်ကုန် - အိုင်အယ်လ်အိုသတင်း) - ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့တွင် အိုင်အယ်(လ်)အို၏ အစဥ်အလာအရ အိုင်အယ်(လ်)အို မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လုပ်ငန်းစဥ်များဖြင့် ကျင်းပလေ့ရှိပါသည်။ မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသော အခြေနေများအရ  အလုပ်သမားများ၊ လုပ်ငန်းရှင်များ၊ အစိုးရနှင့်အတူ အပြန်အလှန်ဆွေးနွေးရန်နှင့် ပံ့ပိုးရန် အခက်အခဲများရှိပြီး၊ မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးလုပ်ငန်းစဥ်များဆိုင်ရာ စွမ်းဆောင်ရည်များ အပေါ် သက်ရောက်မှုများ ရှိနိုင်ပါသည်။

ယခင်နှစ် ဤအချိန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်၁၉ကပ်ရောဂါ အစောပိုင်းအဆင့်ကို ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီး အလုပ်သမားများနှင့် လုပ်ငန်းရှင်များ၏ အသက်မွေးဝမ်းကြောင်းမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးလုပ်ငန်းတာဝန်များပေါ်တွင်လည်း ဆက်လက်သက်ရောက်မှုများ ရှိနေပါသည်။ ၂၀၂၀ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တို့၏ လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တုံံ့ပြန်မှုများနှင့် လုပ်ငန်းခွင်များ၏ ကပ်ရောဂါတုံ့ပြန်မှုဆိုင်ရာ ကြံ့ခိုင်မှု နှင့် စွမ်းရည်များကိုလည်း အိုင်အယ်(လ်)အိုမှ အသိအမှတ်ပြုပါသည်။

မြန်မာနိုင်ငံသည် လူသားများ၏ သာယာဝပြောရေးနှင့် စီးပွားရေးအသက်မွေးဝမ်းကြောင်းမှုများဆိုင်ရာ အခက်အခဲသစ်များနှင့် ရင်ဆိုင်နေရပါသည်။ ယခင်လများတွင် မြန်မာတစ်နိုင်ငံလုံး အပေါ်တွင် ဖိစီးမှုအမျိုးမျိုး သက်ရောက်မှုရှိနိုင်ပါသည်။ ကိုဗစ်၁၉ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေများသည် မြန်မာနိုင်ငံရှိအလုပ်သမားများနှင့် မိသားစုများအပေါ်တွင် ကျန်းမာရေးဆိုင်ရာအခက်အခဲများအပြင် ကာယဆိုင်ရာကြမ်းတမ်းခက်ခဲမှုများလည်း ရှိနိုင်ပါသည်။ ဤအကျပ်အတည်းများသည် လုပ်ငန်းခွင်ပိတ်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းခြင်းနှင့် ငွေကြေးဖူလုံမှု လျော့နည်းခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ကြမ်းတမ်းစွာဆက်ဆံခြင်း တို့ကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။

လုပ်ငန်းရှင်များနှင့် အလုပ်သမားများ အနေဖြင့်လည်း ကိုဗစ်၁၉ကပ်ရောဂါဆိုင်ရာ ဘေးအန္တရယ်များနှင့် သေချာရေရာမှုမရှိသောအခက်အခဲများစွာကိုလည်း ရင်ဆိုင်ဖြေရှင်းနေရပါသည်။ ယခုနှစ်တွင် စီးပွားရေးကျုံ့ခြင်း ၁၀% ပိုမိုရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားပြီး ၊ အထူးသဖြင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ရှေ့ဆက်လပေါင်းများစွာတွင် ခက်ခဲသောရွေးချယ်မှုများရှိနိုင်ပါသည်။ တစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များအတွက် လွတ်လပ်၍တရားမျှတပြီးငြိမ်းချမ်းသော အထောက်အကူဖြစ်စေသည့် နိုင်ငံရေးပတ်ဝန်းကျင်တစ်ရပ်ဖြစ်ထွန်းရန် လိုအပ်နေသေးသောကြောင့် ယခုအခြေအနေ၏ မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ကြမ်းတမ်းသောဆက်ဆံမှု၊ ဖိအားပေးမှု သို့မဟုတ် ခြိမ်းခြောက်မှုများမှ ကင်းစင်သော ပတ်ဝန်းကျင်တစ်ရပ်သည် သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်များ၏ ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။

ဤဖိအားများနှင့် နေ့စဥ်ဘဝ၏မလုံခြုံမှုများသည် အလုပ်သမားများ၊ လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအပေါ်  စိတ်ကျန်းမာရေးနှင့် သာယာဝပြောမှုဆိုင်ရာ အကျိုးဆက်များရှိနိုင်ပါသည်။ စိတ်ဖိစီးမှုသည် လူတစ်ဦးနှင့်တစ်ဦးအပေါ်  ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ ကွဲပြားနိုင်သော်လည်း စိတ်ဖိစီးမှုများပါက အမူအကျင့်ဆိုင်ရာကျန်းမာရေး ချို့ယွင်းမှုများ- ဥပမာအားဖြင့် မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကာယဆိုင်ရာကျန်းမာရေး ချို့ယွင်းမှုများ- ဥပမာအားဖြင့် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ ကြွက်သားဆိုင်ရာရောဂါများ ဖြစ်ပွားသက်ရောက်မှုများရှိနိုင်ပါသည်။

ယခုအချိန်တွင် တွေ့ဆုံဆွေးနွေးခြင်းကို အဓိကထားသည့်  ထိရောက်မှုရှိသော လုပ်ငန်းခွင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရေးနှင့် အလုပ်သမားများ၏ သာယာဝပြောမှုအတွက် လွန်စွာ အရေးကြီးလှပါသည်။ ပေါင်းစည်းချဉ်းကပ်မှုနည်းလမ်းသည် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ခြင်းနှင့် လျော့ချရန်၊  စိတ်ဖိစီးမှုကိုဖြေလျော့စေရန် နှင့် လုပ်ငန်းခွင်ကျန်းမာသာယာဝပြောမှုကို မြှင့်တင်နိုင်ရန်အတွက် ယုံကြည်မှု၊ စည်းလုံညီညွတ်မှုနှင့် စာနာထောက်ထားမှုများပေါ်အခြေခံကာ တည်ဆောက်ရမည် ဖြစ်သည်။ အလုပ်ရှင်များနှင့် အလုပ်သမားများ၏ ကျန်းမာသာယာဝပြောမှုသည် ဆက်နွယ်နေပါသည်။ လုပ်ငန်းခွင်အတွင်း ကိုဗစ် ၁၉ ရောဂါနှင့်  စိတ်ဖိစီးမှု စီမံခန့်ခွဲဖြေရှင်းခြင်းဆိုင်ရာ ကနဦးလုပ်ဆောင်မှုများကို အလုပ်သမားများနှင့် အလုပ်ရှင်များအကြား ဆွေးနွေးသင့်ပါသည်။ ယင်းကနဦးလုပ်ဆောင်မှုများတွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပံ့ပိုးကူညီခြင်း၊ တစ်ဦးချင်း ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်မှုများ လက်ခံရယူခြင်း၊ စိတ်ဖိစီးမှုလျော့ချခြင်း လှုပ်ရှားမှုများ (အလွတ်သဘောဆွေးနွေးမှုများ၊ ကိုယ်ကာယလှုပ်ရှားမှုများ) အစရှိသဖြင့် လုပ်ဆောင်နိုင်ပါသည်။  ထိုကဲ့သို့ လုပ်ဆောင်မှုများကို အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များမှ ပံ့ပိုးကူညီနိုင်ပါသည်။ အကယ်၍ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများပိတ်သိမ်းခြင်းရှိနေပါက အရပ်ဖက်လူမှု အဖွဲ့ အစည်းများမှလည်း ပံ့ပိုးကူညီနိုင်ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့ရင်ဆိုင်နေရသော ကျန်းမာရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် အလုပ်သမားများနှင့် အလုပ်ရှင်များသည် အဆင့်ပေါင်းများစွာတွင် လက်တွဲခိုင်မာစွာ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။ ပထမအဆင့်မှာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ကြံ့ခိုင်မှုကို မြှင့်တင်ပေးခြင်းအားဖြင့် ကြုံတွေ့ခံစားနေရသော  စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများကို ရင်ဆိုင်ခုခံနိုင်ရန်ဖြစ်သည်။ သို့သော် ရိုးသားစွာဆွေးနွေးတိုင်ပင်နိုင်သော၊ အခြေခံအလုပ်သမား အခွင့်ရေးများကိုအသုံးချရာတွင် ကြမ်းတမ်းစွာဆက်ဆံမှုနှင့် ခြိမ်းခြောက်မှုများ ကင်းဝေးသော ပတ်ဝန်းကျင်တွင် အလုပ်သမားများနှင့်အလုပ်ရှင်များ အတူတကွ ဆွေးနွေးတိုင်ပင်နိုင်မှသာလျှင် ဤပန်းတိုင်ကိုရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သော ကပ်ရောဂါကို စီမံကိုင်တွယ်နိုင်ခဲ့ခြင်းသည်  ကပ်ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် လျော့ချခြင်း အစီအမံများကို အလုပ်ရှင်များနှင့် အလုပ်သမားများက  အတူတကွလုပ်ဆောင်ခဲ့နိုင်ခြင်းကို ပြသခဲ့ပါသည်။ အလားတူပင် ယခုအခါတွင် ကြံ့ခိုင်သော လုပ်ငန်းခွင်များကို တည်ဆောင်နိုင်ရန်နှင့် စိတ်ဖိစီးမှုအန္တရာယ်ကို ထိန်းချုပ်ရင်ဆိုင်နိုင်ရန်အတွက် အလုပ်ရှင်များနှင့် အလုပ်သမားများ ထပ်မံအတူတကွလက်တွဲကာ ဆောင်ရွက်နိုင်ရန် အရေးကြီးလှပါသည်။